အာရှဒေသတွင်း နိုင်ငံများ မြန်မာနိုင်ငံတွင် ပိုမိုမြှုပ်နှံလိုမှု ရာနှုန်းကျော် မြင့်တက်ဟုဆို

အာရှဒေသတွင်း နိုင်ငံများ မြန်မာနိုင်ငံတွင် ပိုမိုမြှုပ်နှံလိုမှု ရာနှုန်းကျော် မြင့်တက်ဟုဆို

ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံ စီးပွားရေးကဏ္ဍများတွင် အာရှဒေသတွင်း နိုင်ငံများ၏ ရင်းနှီးမြုပ်နှံလိုမှု ပိုမိုသည်ဟု UOB (United Overseas Bank) နိုင်ငံတကာ စီမံခန့်ခွဲမှု ဒါရိုက်တာ Mr Ian Wong ကပြောဆိုသည်။

ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေသည့် မြန်မာစီးပွားရေးကဏ္ဍကို အမေရိကန်နှင့် အနောက်အုပ်စု လုပ်ငန်းများက စောင့်ကြည့်နေဆဲ ဖြစ်သော်လည်း အာရှနိုင်ငံများ၏ ရင်းနှီးမြုပ်နှံလိုမှုမှာ ၁၀၀ ရာခိုင်နှုန်းကျော် အထိမြင့်တက်နေသည်ဟု Mr Ian Wong က ပြောသည်။

“UOB နဲ့ချိတ်ဆက် လုပ်ဆောင်တဲ့ နိုင်ငံတကာကုမ္ပဏီတွေက မြန်မာစီးပွားရေး ရပ်ဝန်းမှာ ရင်းနှီးမြုပ်နှံလိုပေမယ့် တကယ်ရင်နှီးမြုပ်နှံမှု ချဲ့ထွင်ဖို့ကိုတော့ အာရှဒေသတွင်းက ထိုင်း၊ ဟောင်ကောင်၊ တရုတ်နဲ့ စင်္ကာပူနိုင်ငံတွေက များနေတယ်ဟု” ဟု ပြောသည်။

UOB ၏ အာရှစီးပွားရေး သုသေသန လေ့လာတွေ့ရှိချက်များအရ မြန်မာနိုင်ငံသို့ ဝင်ရောက် ရင်းနှီးမြုပ်နှံရန် စိတ်ဝင်စားမှုအရှိဆုံးနိုင်ငံများမှာ
ဟောင်ကောင်၊ စင်္ကာပူနှင့် ထိုင်းနိုင်ငံတို့ဖြစ်သည်။ ဟောင်ကောင်လုပ်ငန်းရှင်များက ၃၁ ရာခိုင်နှုန်း၊ ထိုင်းလုပ်ငန်းရှင် ၂၈ ရာခိုင်နှုန်းနှင့် စင်္ကာပူမှ ၂၁ ရာခိုင်နှုန်းသော လုပ်ငန်းရှင်များမှာတွင် လာရောက်ရင်းနှီးမြုပ်နှံရန် စီစဉ်နေပြီဟုဖော်ပြသည်။

ထို့အပြင် မြန်မာ့စီးပွားရေးကဏ္ဍအတွင်း အများဆုံးရင်းနှီးမြုပ်နှံနေသည့် တရုတ်နိုင်ငံ၏ ရင်းနှီးမြုပ်နှံလိုမှုမှာလည်း ၂၆ ရာခိုင်းအထိ ရှိနေသည်ဟု အဆိုပါ အာရှစီးပွားရေး သုသေသန လေ့လာမှုတွင် ထပ်မံဖော်ပြထားသည်။

အာရှတွင်း နိုင်ငံများ၏ ရင်းနှီးမြုပ်နှံလိုမှု တိုးတက်သော်လည်း အနောက်အုပ်စု နိုင်ငံများ၏ မြန်မာ့စီးပွားရေးကဏ္ဍ ရင်းနှီးမြုပ်နှံမှု အားနည်းခြင်းမှာ နိုင်ငံရေးတည်ငြိမ်မှုနှင့် ၂၀၁၅ နှစ်ကုန်ပိုင်းတွင် ကျင်းပရန်ရှိနေသည့် ရွေးကောက်ပွဲနှင့် သက်ဆိုင်နေသည်ဟု ကုန်သည်စက်မှု လုပ်ငန်းရှင်အသင်းချုပ် (UMFCCI) တာဝန်ရှိသူများက ပြောဆိုထားသည်။

ယင်းအသင်းဒု-ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း “အနောက်အုပ်စုက ၂၀၁၅ ရွေးကောက်ပွဲကို စောင့်ကြည့်တာ၊ သူတို့က မြန်မာမှာရင်းနှီးမြုပ်နှံဖို့ စိတ်ဝင်စားတယ်ဆိုပေမယ့် နိုင်ငံရေးတည်ငြိမ်မှု အာမခံချက်ကို သူတို့က ပိုအလေးထားနေတာ”ဟုပြောသည်။

မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကိန်းဂဏန်းများအရ ၂၀၁၅ နှစ်စပိုင်းအထိ နိုင်ငံပေါင်း ၃၈ နိုင်ငံမှ ကန်ဒေါ်လာ ၅၄ ဘီလီယံအထိ ရင်နှီးမြုပ်နှံနေပြီး
အာရှနိုင်ငံများ၏ ရင်းနှီးမြုပ်နှံမှုအချိုးမှာ ၇၈ ရာခိုင်နှုန်းအထိ ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly