၂၀၁၅-၁၆ ဘဏ္ဍာနှစ်၊ တစ်လကျော်အတွင်း ကုန်သွယ်မှုပမာဏ ကျပ်သန်း ၁၂၀၀ ကျော်ရှိ

၂၀၁၅-၁၆ ဘဏ္ဍာနှစ်၊ တစ်လကျော်အတွင်း ကုန်သွယ်မှုပမာဏ ကျပ်သန်း ၁၂၀၀ ကျော်ရှိ

ရန်ကုန် (မဇ္ဈိမ)။ ။ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်၊ တစ်လကျော်အတွင်း ကုန်သွယ်မှုပမာဏ စုစုပေါင်း ကျပ်သန်း ၁၂၂၈ ဒသမ ၇၉၃ ရှိသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ မေလ ၁ ရက်နေ့အထိ ကုန်သွယ်မှုစာရင်းများတွင် ဖော်ပြထားသည်။

၂၀၁၅- ၁၆ ဘဏ္ဍာနှစ်၊ ဧပြီ ၁ ရက်မှ မေ ၁ ရက်အထိ ကုန်သွယ်မှုပမာဏသည် ယခင် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်၊ ကာလတူထက် ကုန်သွယ်မှုပမာဏ ကျပ်သန်း ၄၁၆ ဒသမ ၀၁ လျော့နည်းခဲ့သည်။

ယခင်ဘဏ္ဍာနှစ်ထက် သွင်းကုန်ပမာဏ ကျပ် ၂၃၄ သန်း လျော့ကျခဲ့ပြီး ပို့ကုန်ပမာဏမှာ ကျပ် ၁၈၁ သန်းလည်း လျော့နည်းခဲ့သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အကြံပေး ဒေါက်တာ မောင်အောင်က "ဒီနှစ်အတွက် ကုန်သွယ်မှု လျာထားတာတော့ မရှိသေးပါဘူး။ ပြီးခဲ့တဲ့နှစ်မှာ ရေထွက်ကုန်နဲ့ သစ်တောထွက်ကုန်က ပို့ကုန်ကျဆင်းသွားလို့ ဒီနှစ်မှာ ပြန်လည် တိုးမြင့်အောင် ဆောင်ရွက်သွားမယ် ။ ဒါဆိုရင် ပို့ကုန်ကဏ္ဍမှာ ပိုပြီးအားကောင်းလာမှာပါ" ဟု ပြောသည်။

ယခုဘဏ္ဍာနှစ်တွင် ပြည်ပသွင်းကုန်ပမာဏ ကျပ် ၉၀၃ သန်း ရှိခဲ့ပြီး ရင်းနှီးမြှပ်နှံမှု သွင်းကုန်ပမာဏသည် ကျပ် ၄၀၆ သန်း အထိရှိကာ ယခင်ဘဏ္ဍာနှစ် ကာလတူထက် ကျပ် ၁၁၆ သန်းလျော့နည်းခဲ့သည်။

လုပ်ငန်းသုံး ပစ္စည်း သွင်းကုန်ပမာဏသည် ကျပ် ၂၉၆ ဒသမ ၉၆၄ သန်း ရှိခဲ့ပြီး ယခင်နှစ်ထက် ကျပ် ၁၂၆ သန်း လျော့နည်းခဲ့သည်။

ယခုဘဏ္ဍာနှစ်တွင် ပြည်ပပို့ကုန် ပမာဏ ကျပ် ၃၂၅ သန်း ရှိခဲ့ပြီး လယ်ယာထွက်ပို့ကုန် ပမာဏသည် ယခင်နှစ်ထက် ကျပ် ၈၅ သန်း
ပိုမိုတင်ပို့နိုင်ခဲ့သည်။ သတ္တုတွင်းထွက်ပမာဏသည် ယခင်နှစ်ထက် ကျပ်  ၂၂ သန်း ပိုမိုတင်ပို့နိုင်ခဲ့ပြီး ရေထွက်ကုန်၊ တိရစ္ဆာန်ထွက်ကုန် သစ်တောထွက်ပစ္စည်းများ တင်ပို့မှုမှာ ယခင်နှစ်ထက်မြင့်တက်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏ စုစုပေါင်းသည် ကျပ် ၂၈၁၃၆ သန်း ရှိခဲ့ပြီး ၂၀၁၃-၁၄ ဘဏ္ဍာနှစ်ထက် ကုန်သွယ်မှုပမာဏကျပ် ၃၁၇၂ သန်း ပိုမို တိုးတက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly