ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲများ မြို့ကြီးများနှင့် နယ်စပ်မြို့များတွင် ကျင်းပမည်

ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲများ မြို့ကြီးများနှင့် နယ်စပ်မြို့များတွင် ကျင်းပမည်

ရန်ကုန် (မဇ္ဈိမ)။ ။ အာရှဖွံ့ဖြိုးရေးဘဏ် (Asia Development Bank) က ကမကထပြုကာ စီးပွားရေး အချက်အချာကျသည့် မြို့ကြီးများနှင့် နယ်စပ်ကုန်သွယ်ရေး အချက်အချာကျသည့် မြို့များတွင် ကုန်သွယ်ရေး ကဏ္ဍဆိုင်ရာ ဆွေးနွေးပွဲများကျင်းပ ပေးသွားမည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်က ဧပြီ ၅ ရက်တွင် ထုတ်ပြန်ကြေညာသည်။

မြန်မာနိုင်ငံသည် နိုင်ငံတကာ ကုန်သွယ်ရေးတွင် အရေးပါသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာရန်၊ မြန်မာနိုင်ငံ ကုန်သွယ်ရေးလုပ်ငန်း ကဏ္ဍဆိုင်ရာ အစိုးရ အဖွဲ့အစည်းများနှင့် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များကို နိုင်ငံတကာနှင့် ဆက်ဆံရာတွင် ပိုမိုအဆင်ပြေချောမွေ့လာစေရန် အကူအညီ ပေးသွားမည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အာရှဖွံ့ဖြိုးရေးဘဏ်သည် မြန်မာနှင့် နိုင်ငံတကာကုန်သွယ်ရေး ပိုမို အားကောင်းစေရန် အကောက်ခွန်ဌာနနှင့် ပုဂ္ဂလိက လက်တွဲဆောင်ရွက်နိုင်မှု အခန်းကဏ္ဍကို မြှင့်တင်ပေးသွားမည် ဖြစ်ပြီး ကုန်သွယ်ရေး အဆင်ပြေချောမွေ့မှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့်အချက် တစ်ချက်ဖြစ်သည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူများက ဆိုသည်။

ကုန်သွယ်ရေး ကဏ္ဍဆိုင်ရာ ဆွေးနွေးပွဲများတွင် တရားဝင် ကုန်သွယ်မှု အဆင်ပြေစေရန် ခေတ်မီနည်းလမ်းများဖြင့် ဆောင်ရွက်ရေး၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ စည်းမျဉ်းများနှင့် သဘောတူညီချက်များကို ရှင်းပြခြင်း၊ အာရှဖွံ့ဖြိုးရေးဘဏ်မှ မြန်မာနိုင်ငံ ကုန်သွယ်ရေးဆိုင်ရာ လေ့လာချက် တွေ့ရှိချက်များ ရှင်းလင်းခြင်းစသည့် အချက်များကို ဆွေးနွေးသွားမည် ဖြစ်သည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အကောက်ခွန် တန်ဖိုးသတ်မှတ်ခြင်း သဘောတူညီချက်တွင် မြန်မာနိုင်ငံ သဘောတူ လက်မှတ်ရေးထိုး ဖြစ်သည်။ အဆိုပါ တန်ဖိုးသတ်မှတ်ခြင်း သဘောတူညီချက်သည် အကောက်ခွန်ဌာနှင့် ပုဂ္ဂလိက အခန်းကဏ္ဍအကြား အခွင့်အရေးများနှင့် တာဝန်ဝတ္တရားများကို သိရှိ ဆောင်ရွက်သွားရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly