မြန်မာနိုင်ငံ၏ ပထမဆုံး KFC ဆိုင်ကို ဗိုလ်ချုပ်စျေးရှေ့တွင် ဖွင့်မည်

မြန်မာနိုင်ငံ၏ ပထမဆုံး KFC ဆိုင်ကို ဗိုလ်ချုပ်စျေးရှေ့တွင် ဖွင့်မည်

ရန်ကုန် (မဇ္ဈိမ)။ ။ KFC ၏ Franchise Partner ဖြစ်သည့် Yoma Strategic Holdings Ltd သည် မြန်မာနိုင်ငံတွင် ပထမဆုံး KFC ဆိုင်ကို ရန်ကုန်မြို့လယ်ရှိ ဗိုလ်ချုပ်ဈေးနှင့် မျက်နှာချင်းဆိုင်ရှိ အမှတ် ၃၇၅ ဗိုလ်ချုပ်အောင်ဆန်းလမ်းတွင် ဖွင့်လှစ်တော့မည် ဖြစ်သည်။

"ရန်ကုန်မြို့လယ် အချက်အချာနေရာမှာရှိတဲ့ ကျွန်တော်တို့ရဲ့ ပထမဆုံး စားသောက်ဆိုင်မှာ KFC ရဲ့ နာမည်ကျော် Original Recipe Chicken ကို မိတ်ဆက်ပေးနိုင်မှာဖြစ်ပါတယ်။  " ဟု Yoma Strategic ၏ Head of Business Development ဖြစ်သူ JR Ching က ပြောကြားသည်။

KFC စားသောက်ဆိုင် ဖွင့်လှစ်မည့်ရက်ကို ထပ်မံကြေညာသွားပေးမည်ဟု အဆိုပါ စားသောက်ဆိုင်လုပ်ငန်းမှ တာဝန်ရှိသူများက ပြောသည်။

Yoma Strategic သည် ယခုနှစ်မကုန်မီ ရန်ကုန်တွင် KFC ဆိုင်များစွာကို ထပ်မံဖွင့်လှစ်သွားမည် ဖြစ်ပြီး KFC လုပ်ငန်းနှင့် Yoma ကုမ္ပဏီတို့
ပူးပေါင်းဆောင်ရွက်မှုသည် မြန်မာနိုင်ငံ၏ စားသောက်ကုန်လုပ်ငန်းကဏ္ဍ တွင် အရေးပါသည့် လုပ်ငန်းတစ်ခုအဖြစ် နေရာယူနိုင်ရန် ရည်ရွယ်ထားသည်ဟု Yoma  မှ ထုတ်ပြန်ထားသည်။

KFC သည် ကမ္ဘာ့အကြီးဆုံး စားသောက်ဆိုင် လုပ်ငန်းများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး တစ်ကမ္ဘာလုံး အရောင်းပမာဏ အမေရိကန်ဒေါ်လာ ၂၃ ဘီလီယံရှိကာ နိုင်ငံပေါင်း ၁၂၀ တွင် စားသောက်ဆိုင်ပေါင်း ၁၉,၄၀၀ ကျော် ဖွင့်လှစ်ထားသည်။

အမေရိကန်အခြေစိုက် Yum! Brands ၏ လုပ်ငန်းခွဲ တစ်ခုဖြစ်သည့် KFC သည် မြန်မာနိုင်ငံတွင် ပထမဦးဆုံး စီပွားရေး ခြေကုပ်ရယူသည့် အမေရိကန် အမြန်အစားအစာ စားသောက်ဆိုင် လုပ်ငန်းကြီး ဖြစ်လာမည် ဖြစ်သည်။

 မြန်မာနိုင်ငံတွင် တောင်ကိုရီးယား အခြေစိုက် Lotteria, BBQ Chicken စင်ကာပူ အခြေစိုက် Ya kun၊ မလေး ရှားအခြေစိုက် Marrybrown  စသည့် စားသောက်ဆိုင်ကြီးများ ဖွင့်လှစ်ထားပြီး ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags