အမေရိကန်နိုင်ငံ၊ ဟာဝိုင်အီပြည်နယ်တွင် အသက် ၂၁ နှစ်ပြည့်မှသာ ဆေးလိပ်သောက်ခွင့် ရတော့မည်

အမေရိကန်နိုင်ငံ၊ ဟာဝိုင်အီပြည်နယ်တွင် အသက် ၂၁ နှစ်ပြည့်မှသာ ဆေးလိပ်သောက်ခွင့် ရတော့မည်
ဆေးလိပ်သောက်ခွင့်ပြုသည့် အသက်ကို တိုးမြင့်သည့်အကြောင်း ဟိုနိုလူလူတွင် ပြောကြားနေသော ဟာဝိုင်ယီအုပ်ချုပ်ရေးမှူး ဒေးဗစ်အိုင်ဂီ။

ပြည်နယ်အတွင်း စီးကရက်သောက်ပိုင်ခွင့်ကို အသက် ၂၁ နှစ်သို့ တိုးလိုက်သည့် ဥပဒေကြမ်းအား ဟာဝိုင်ယီပြည်နယ် အုပ်ချုပ်ရေးမှူးက လက်မှတ်ထိုးလိုက်ပြီးနောက် ယင်းသို့ စီးကရက် သောက်သည့် အသက်ကို တိုးမြင့်လိုက်သည့် အမေရိကန်၏ ပထမဆုံးပြည်နယ် ဖြစ်လာခဲ့သည်။

၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် စတင်အသက်ဝင်မည့် ယင်းဥပဒေအရ ပြည်နယ်တွင် အသက် ၂၁ နှစ် မပြည့်သေးသူများ ကို ရောင်းချခွင့်၊ ဝယ်ယူခွင့်အပြင် အီလက်ထရောနစ် စီးကရက် သုံးစွဲခွင့် တို့ကိုပါ ပိတ်ပင်သွားမည်ဖြစ်သည်။

”ခုလို ဆေးလိပ်သောက်ပိုင်ခွင့် အနိမ့်ဆုံး အသက်ကန့်သတ်ချက်ကို တိုးလိုက်တာက ကျွန်တော်တို့ရဲ့ လူငယ်တွေ ဆေးရွက်ကြီး သုံးစွဲမှုကို လျှော့ချဖို့အတွက်  ဆေးရွက်ကြီးထိန်းချုပ်ရေး လုပ်ဆောင်ချက်ရဲ့ တစ်စိတ်တစ်ပိုင်းပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ကလေးတွေ ဆေးရွက်ကြီး ကင်းမဲ့ဇုန်အတွင်း ကြီးပြင်းလာဖို့ပဲ ဖြစ်ပါတယ်”ဟု အုပ်ချုပ်ရေးမှူး ဒေးဗစ်အိုင်ဂီက ပြောခဲ့သည်။

ထိုပြင်ဇွန် ၁၉ ရက်ကလည်း ဆေးလိပ်နှင့် အီလက်ထရောနစ် စီးကရက်များကို ပြည်နယ်တွင်းရှိ ပန်းခြံများ၊ ကမ်းခြေများတွင် တားမြစ်ဥပဒေကိုလည်း လက်မှတ်ထိုးခဲ့သည်။

အမေရိကန်၏ ပြည်နယ်အများစုသည် တရားဝင် ဆေးလိပ်သောက်ခွင့်ကို အသက် ၁၈ အဖြစ် သတ်မှတ်ထားသည်။ 

နယူးယောက်စီးတီးနှင့် ဟာဝိုင်ယီစီရင်စုတို့ အပါအဝင် တစ်ချို့မြို့နှင့် စီရင်စုများတွင် အသက် ၂၁ နှစ်ရှိမှ ဆေးလိပ်သောက်ခွင့် ကို ပြဋ္ဌာန်းထားပြီး ဖြစ်သည်။

ဝါရှင်တန်နှင့် ကယ်လီဖိုးနီးယားပြည်နယ်တို့က အမတ်များက ပြီးခဲ့သည့်လများတွင်း ဆေးလိပ်သောက်ခွင့် သတ်မှတ်အသက်ကို ၂၁ နှစ်ရှိမှ တရားဝင်အဖြစ် ခွင့်ပြုရန် လုပ်ဆောင်ခဲ့သည်။

အဆိုပါဥပဒေကြမ်းကို လက်မခံသူများက အရွယ်ရောက်ပြီးသူများအတွက် စစ်ထဲဝင်ခြင်း ကဲ့သို့သော အနေအထားမျိုးမှာ ကိုယ်ပိုင်ရွေးချယ်ခွင့်ကို ကန့်သတ်ထားခြင်းဖြစ်ကြောင်း ကန့်ကွက် သည်။

ဟာဝိုင်ယီပြည်နယ်တွင်း အကြမ်းဖျင်းအားဖြင့် ဆေးလိပ်သောက်သူများတွင် ဆယ်ဦးလျှင် ကိုးဦးနှုန်းမှာ အသက် ၂၁ နှစ်မပြည့် ခင် စတင်ဆေးလိပ် သောက်သူများဖြစ်ကြောင်း၊ စီးကရက်ကို တရားဝင် သောက်သုံးနိုင်သည့် အသက်ပြည့်ပြီးသူ သူငယ်ချင်း ဆွေမျိုးများထံမှ ရရှိနေကြခြင်း ဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးရုံး ထုတ်ပြန်ချက်အရ သိရသည်။

ကလေးများ ဆေးရွက်ကြီးကင်းစင်ရေး လှုံ့ဆော်အဖွဲ့က ဟာဝိုင်ယီတွင် နှစ်စဉ် ဆေးလိပ်ကြောင့် အသက်ဆုံးရှုံးသူ ၁၄၀၀ ရှိပြီး ဆေးကုသစရိတ်စက အမေရိကန်ဒေါ်လာ ၅၂၆ သန်း ဝန်းကျင် ရှိကြောင်း ပြောသည်။

အမေရိကန်နိုင်ငံတွင် ဆေးလိပ်သောက်ခြင်းကြောင့် အချိန်မတိုင်မီ သေဆုံးမှုများဖြစ်ရာ နှစ်စဉ် ၄၈၀,၀၀၀ ကျော်ထက်မနည်း ရှိပြီး သေဆုံးမှုအားလုံး၏ ငါးပုံတစ်ပုံ နှုန်းထားဖြစ်ကြောင်း အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly