မားစ်၊ အီဘိုလာနှင့် အေ့ဒ်ရောဂါတို့ကို ကုသပျောက်ကင်းနိုင်သော ဆေးရှိနေပြီဟု မြောက်ကိုရီးယားပြောကြား

မားစ်၊ အီဘိုလာနှင့် အေ့ဒ်ရောဂါတို့ကို ကုသပျောက်ကင်းနိုင်သော ဆေးရှိနေပြီဟု မြောက်ကိုရီးယားပြောကြား

မားစ်၊ အီဘိုလာနှင့် အေ့ဒ်ရောဂါများအပြင် အခြားရောဂါများကို ကုသရာတွင် အလွန်ထိရောက်သော ကာကွယ်ဆေးတစ်မျိုး ကို ဖော်ထုတ်လိုက်ပြီဟု မြောက်ကိုရီးယားက ပြောကြားသည်ဟု နိုင်ငံပိုင် သတင်းအေဂျင်စီ ကေစီအဲန်အေက ထုတ်ပြန်ခဲ့သည်။

Kumdang-2 ဟုခေါ်ဆိုသော ၎င်းဆေးဝါးက အေ့ဒ်စ်မှသည် တီဘီ၊ ကင်ဆာတို့အထိ ကုသနိုင်သည့်အပြင် ကွန်ပျူတာ အသုံးပြုခြင်းကြောင့် ဖြစ်လာသည့်ဘေးဥပဒ်နှင့် ကိုယ်ဝန်ကြောင့် အော့အန်ခြင်းတို့ကိုလည်း ကုသနိုင်စွမ်းရှိသည်ဟု ယင်းဆေး၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ဆေးကို မြောက်ကိုရီးယား၏ ဆေးကုမ္ပဏီ Pugang Pharmaceutic Company က ဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။ ဆေးကို ရှားပါးမြေ သယံဇာတများ ထိုးသွင်းထားသော ဂျင်ဆင်းမှ ထုတ်လုပ်ထားသည် ဆိုသည်။

Kumdang-2 ထိုးဆေးသည် အားကောင်းသည့် ကိုယ်ခံစနစ်ကို လှုံ့ဆော်ပေးပြီး ဆားစ်၊ အီဘိုလာနှင့် မားစ်တို့၏ ဗိုင်းရပ်စ် တို့ကြောင့်ဖြစ်သော ရောဂါများကို ကုသရာတွင် အလွန်အစွမ်းထက် သည်ဟု အဆိုပါ သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ဆေးကို ၁၉၈၉ ခုနှစ်ကတည်းက စမ်းသပ်မှု ပြုလုပ်နေခဲ့သည်ဟု ဆိုသည်။ ဆေး၏ အစွမ်းထက်မှုနှင့် ပတ်သက်၍ ယခင်က လည်း ကျယ်ကျယ်လောင်လောင် ပြောကြားဖူးသည်။ မြောက်ကိုရီးယားသည် ကူးစက်ရောဂါနှင့် ပတ်သက်၍ နိုင်ငံတကာလေ ဆိပ်နှင့် နယ်စပ်ဂိတ်များတွင် တင်းကျပ်သည့် စစ်ဆေးမှုများ ပြုလုပ်လေ့ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly