ဒိန်းမတ် ပါလီမန် ရွေးကောက်ပွဲတွင် ဒိန်းမတ် အတိုက်အခံ အနိုင်ရ ဝန်ကြီးချုပ် သော်နင်းရှမစ် ရှံုးနိမ့်မှုကို ဝန်ခံ

ဒိန်းမတ် ပါလီမန် ရွေးကောက်ပွဲတွင် ဒိန်းမတ် အတိုက်အခံ အနိုင်ရ ဝန်ကြီးချုပ် သော်နင်းရှမစ် ရှံုးနိမ့်မှုကို ဝန်ခံ
ဇွန် ၁၈ ရက်က ရွေးကောက်ပွဲ ကျင်းပစဉ်အတွင် ကိုဂေးမြို့တွင် ကလေးတစ်ဦးကို ချီနေသော အနိုင်ရ အတိုက်အခံခေါင်းဆောင် ရက်စ်မူဆင်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - အေအက်ဖ်ပီ)

ရိုက်တာ (ကိုပင်ဟေဂင်)။ ။ လားစ်လော့ကေရက်စ်မူဆင် ဦးဆောင်သော အတိုက်အခံပါတီများက ဇွန် ၁၈ ရက်က  ပါလီမန် ရွေးကောက်ပွဲကို အနိုင်ရရှိသွားပြီဖြစ်ကြောင်း ဒိန်းမတ်ပြည်မကြီးပေါ်မှ မဲအားလုံး ရေတွက်ပြီးနောက် နိုင်ငံပိုင်ရုပ်သံ DR က အစီရင်ခံခဲ့သည်။

ရက်စ်မူဆင်၏ Liberals နှင့် လက်ယာယိမ်း Danish People's Party တို့ ပါဝင်သော အတိုက်အခံတို့က ပါလီမန်တွင် အမတ်နေရာ ၉၀ ရရှိခဲ့ပြီး ဝန်ကြီးချုပ် ဟဲလ်သော်နင်းရှမစ်၏ ဗဟိုလက်ဝဲ ပါတီများက အမတ်နေရာ ၈၅ နေရာ ရရှိခဲ့သည်။ ကိုလိုနီဟောင်းများဖြစ်သော ဂရင်းလန်နှင့် ဖာရိုးကျွန်းများတွင် မဲပေးမှုများမှ ပါလီမန်အမတ်နေရာ လေးဦးရှိသည်။

သော်နင်းရှမစ်က ရှုံးနိမ့်မှုကို ဝန်ခံပြီး  မဲဆန္ဒရှင်များက ဗဟိုလက်ယာဘက်သို့ ယိမ်းသွားခဲ့ပြီးနောက် သူမ၏ Social Democrat Party၏ အကြီးအကဲအဖြစ်မှ နုတ်ထွက်ခဲ့သည်။

"ခေါင်းဆောင်ပိုင်းဆိုတာ မှန်ကန်သင့်လျော်တဲ့အချိန်မှာ နုတ်ထွက်ဖို့ ဖြစ်ပါတယ်။ အဲဒီအချိန်ဟာ အခုအချိန်ပါပဲ" ဟု ရှမစ်က ထောက်ခံသူများကို ပြောကြားခဲ့သည်။ ထို့နောက် ပါတီခေါင်းဆောင်အဖြစ်မှနုတ်ထွက်မည်ဖြစ်ကြောင်း
ကြေညာသည်။ ပါလီမန်ရွေးကောက်ပွဲတွင် ရှုံးနိမ့်ကြောင်း သော်နင်းရှမစ်က ဝန်ခံပြီးနောက် ၎င်း လစ်ဘရယ်ပါတီနှင့် အခြားဗဟိုလက်ဝဲ အုပ်စုများသည် အစိုးရသစ်တစ်ရပ် ဖွဲ့စည်းရန် အခွင့်အရေးတစ်ရပ် ရရှိပြီဖြစ်ကြောင်း ရက်စ်မူဆင်က ပြောကြားခဲ့သည်။

ဒိန်းမတ် လူမျိုးသည် ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် အားကောင်းသော ရလဒ်များကို ဖန်တီးနိုင်သည်ဟု ရက်စ်မူဆင်က
ထောက်ခံသူများကို ပြောကြားသည်။

"ဒီကနေ့ ကျွန်တော် ကမ်းလှမ်းတာကတော့ ဒီလိုပူးပေါင်းဆောင်ရွက်မှုကို လွယ်ကူချောမောစေမယ့် အစိုးရတစ်ရပ်ရဲ့ အကြီးအကဲနေရာမှာ ကျွန်တော်ကိုယ်တိုင် ရှိနေဖို့ဖြစ်ပါတယ်" ဟု ၎င်းက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly