တစ်လအတွင်း တောင်ဆူဒန်တွင် ကလေးသူငယ် ၁၂၉ ဦး အသတ်ခံခဲ့ရဟု ယူနီဆက်ပြောကြား

တစ်လအတွင်း တောင်ဆူဒန်တွင် ကလေးသူငယ် ၁၂၉ ဦး အသတ်ခံခဲ့ရဟု ယူနီဆက်ပြောကြား

(နယူးယောက်)။ ။ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ (ယူနီဆက်) ၏ ပြောကြားချက်အရ တောင်ဆူဒန်တွင် ဖြစ်ပွားဆဲ အကြမ်းဖက်မှုများအတွင်း ကလေးသူငယ်များကို သင်းကွပ်၊ အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့မှုများရှိကြောင်း သိရသည်။

ယမန်လက တောင်ဆူဒန်တွင် အစိုးရက သူပုန်တပ်ဖွဲ့များကို ထိုးစစ်ဆင်စဉ် အတောအတွင်း အနည်းဆုံး ကလေးသူငယ် ၁၂၉ ယောက်ကို သတ်ဖြတ်ခဲ့သည်ဟု ယူနီဆက်က ပြောကြားခဲ့သည်။

ကလေးသူငယ်များကို သင်းကွပ်ပြီး သွေးအလိမ်းလိမ်းနှင့် ထားရစ်ခဲ့ကာ မိန်းခလေးငယ်များကိုမူ အုပ်စုလိုက် အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့ကြသည်ဟု အသက်ရှင်လွတ်မြောက်လာသူများက သတင်းပို့ခဲ့ကြောင်း ယူနီဆက်၏ အမှုဆောင်ဒါရိုက်တာ အန်ထော်နီ လိပ်က ပြောကြားခဲ့သည်။ မီးရှို့ထားသည့် အဆောက်အအုံ မီးတောက်များအတွင်းသို့ ပစ်ထည့်ခံရသည့် ကလေးငယ်များလည်း ရှိသည်ဟု ဆိုသည်။

"လူ့ကျင့်ဝတ်အရေရော၊ လူသားစိတ်အရပါ အပြစ်မဲ့ကလေးတွေအပေါ် ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်ပစ်ရမယ်’’ ဟု မစ္စတာ လိပ်က ပြောကြားခဲ့သည်။

သို့ရာတွင် တောင်ဆူဒန် စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ်ကမူ သတင်း၏ ခိုင်လုံမှန်ကန်မှုနှင့် ပတ်သက်၍ မေးခွန်းထုတ်ခဲ့ပြီး ဤကဲ့သို့သော အကြမ်းဖက်မှုများကို ပြုကျင့်ခြင်းမှာ မိမိတို့နိုင်ငံ၏ ယဉ်ကျေးမှုမဟုတ်ကြောင်းလည်း ပြောကြားခဲ့သည်။ ယင်းကဲ့သို့သော ပြောဆိုချက်များနှင့် ပတ်သက်၍ အသေးစိတ်စုံစမ်းရန် လိုအပ်သည်ဟု ဗိုလ်မှူးကြီး ဖိလစ်အဂွာက ပြောကြားခဲ့သည်။

နိုင်ငံ၏ သမ္မတနှင့် ၎င်း၏ လက်ထောက်ဟောင်းတို့ နှစ်ဦးကြား အာဏာလုပွဲ၏ နောက်ဆက်တွဲအနေဖြင့် ၂၀၁၃ခုနှစ် ဒီဇင်ဘာလကတည်းက တောင်ဆူဒန်သည် ခါးသီးပြင်းထန်သော ပြည်တွင်းစစ်ပွဲနွံတွင် နစ်မြှုပ်နေခဲ့ရသည်။

အုပ်စုကွဲပြားမှုက နိုင်ငံအဝန်း သွေးမြေကျသော အကြမ်းဖက်မှုများအဖြစ်သို့ ကူးပြောင်းသွားနေသည်။ နိုင်ငံတကာ
စောင့်ကြည့်လေ့လာသူများကမူ နှစ်ဖက်စလုံးမှာ အရပ်အသားများအပေါ်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်နေကြသည်ဟု စွပ်စွဲနေခဲ့သည်။

REF : Sky News

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly