မွတ်စလင်အများစုနေထိုင်ရာ ရှင်ကျန်းဒေသတွင် အစိုးရဝန်ထမ်းများ ရာမဒန်ဥပုသ်စောင့်ခွင့် တရုတ်အစိုးရ တားမြစ်ပိတ်ပင်

မွတ်စလင်အများစုနေထိုင်ရာ ရှင်ကျန်းဒေသတွင် အစိုးရဝန်ထမ်းများ ရာမဒန်ဥပုသ်စောင့်ခွင့် တရုတ်အစိုးရ တားမြစ်ပိတ်ပင်

ပေကျင်း၊ ဇွန်-၁၈ ။   ။ တရုတ်အစိုးရက မွတ်စလင်အများစုနေထိုင်သည့် ရှင်ကျန်းဒေသအတွင်း အစိုးရဝန်ထမ်းများ၊ ကျောင်းသား များနှင့်ဆရာများကို ဇွန် ၁၈ ရက် ကစတင်သည့် ရာမဒန်ကာလအတွင်းဥပုသ်စောင့်ခြင်းကို ပိတ်ပင်တားမြစ်လိုက်ပြီး၊ စားသောက် ဆိုင်များကိုလည်း ပုံမှန်အတိုင်းဖွင့်ရန် အမိန့်ပေးထားသည်ဟု သိရသည်။

မွတ်စလင်အများစုမှာ ရာမဒန်ကာလအတွင်း မိုးလင်းမှမိုးချုပ် ဥပုသ်စောင့်ရန် လိုအပ်သော်လည်း တရုတ်နိုင်ငံ၏ အာဏာရ ကွန်မြူနစ်ပါတီက မွတ်စလင်ဝီဂါအများ စု နေထိုင်ရာ ရှင်ကျန်းတွင် ထိုအလေ့အထကို ကန့်သတ်ပိတ်ပင်ထားသည်။

''ရာမဒန်ကာလအတွင်းမှာလည်း အစားအသောက်ရောင်းတဲ့ဆိုင်တွေက ပုံမှန်အတိုင်းပဲ အလုပ်လုပ်သွားမှာပါ''ဟု ရှင်ကျန်း၏ ကျန်ဂီနယ်မြေ အစိုးရ အစားအစာနှင့် ဆေးဝါး စီမံကွပ်ကဲမှုဌာန၏ ဝက်ဘ်ဆိုက်တွင် ယခင်ရက်သတ္တပတ်က ကြေညာထားခဲ့သည်။

ဒေသ၏ ဘိုးခရိုင်အတွင်းမှ အရာရှိများကိုလည်း ရာမဒန်ကာလအတွင်း ဥပုသ်မစောင့်ကြရန်နှင့် သန်းခေါင်ယံဝတ်ပြုပွဲ (သို့မဟုတ်) အခြားဘာသာရေး လှုပ်ရှားမှု များတွင် မပါဝင်ကြရန် ပြောကြားထားသည်ဟု ဒေသတွင်း အစိုးရဝဘ်ဆိုက်တစ်ခုတွင် လွှင့်တင်ထားသည့် သတင်းတစ်ရပ်အရ သိရှိရသည်။

ဝီဂါ လူ့အခွင့်အရေးအုပ်စုများကမူ ရှင်ကျန်းဒေသတွင် တရုတ်အစိုးရ၏ အစ္စလာမ်ဘာသာအပေါ် ပိတ်ပင်မှုများက မကြာသေးမီနှစ်များက လူရာပေါင်းများစွာ သေ ဆုံးစေခဲ့သည့် ပဋပက္ခများ ဖြစ်ပွားခဲ့ရာ ဒေသတွင် လူမျိုးရေးတင်းမာမှုများကို ပိုမိုဆိုးရွားသွားစေခဲ့သည်ဟု ပြောကြားသည်။

တရုတ်အစိုးရကမူ ရှင်ကျန်းဒေသတွင် အကြမ်းဖက်မှုအန္တရာယ်ကို ရင်ဆိုင်နေရကြောင်း ပြောကြားသကဲ့သို့ အာဏာပိုင်များကလည်း ဘာသာရေးအစွန်းရောက် မှုများကြောင့်သာ အကြမ်းဖက်မှုများ မြင့်မားလာခဲ့သည်ဟု ပြစ်တင်ပြောကြားနေခဲ့သည်။

''ဥပုသ်စောင့်ခြင်းကို ပိတ်ပင်တားဆီးရတဲ့ တရုတ်အစိုးရရဲ့ ရည်ရွယ်ချက်က ရာမဒန်ကာလအတွင်းမှာ ဝီဂါတွေကို သူတို့ရဲ့ မွတ်စလင်ယဉ်ကျေးမှုက အတင်းအဓမ္မ ဝေးကွာသွားစေဖို့ပါပဲ''ဟု ပြည်နှင်ခံ ကမ္ဘာ့ဝီဂါ ကွန်ဂရက်၏ ပြောခွင့်ရပုဂ္ဂိုလ် ဒီဇက် ရီဇစ်က ပြောကြားခဲ့သည်။

''ဘာသာရေးအရ ဥပုသ်စောင့်တာကို ပိတ်ပင်တားမြစ်တဲ့ ပေါ်လစီတွေက ရန်စတာသက်သက်ပဲဖြစ်ပြီး မတည်ငြိမ်မှုနဲ့ ပဋိပက္ခဆီကိုပဲ ဦးတည်နေပါတယ်'' လို့လည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly