အမေရိကန်အိမ်ခြံမြေများကို အများဆုံးဝယ်ယူသည့် နိုင်ငံခြားဝယ်လက်များမှာ တရုတ်လူမျိုးများဖြစ်

အမေရိကန်အိမ်ခြံမြေများကို အများဆုံးဝယ်ယူသည့် နိုင်ငံခြားဝယ်လက်များမှာ တရုတ်လူမျိုးများဖြစ်

ပေကျင်း၊ ဇွန်-၁၈ ။       ။ Bloomberg ၏ ဇွန် ၁၇ ရက် သတင်းဖော်ပြချက်အရ  တရုတ်လူမျိုးများက ကနေဒါနိုင်ငံသားများ ကို ကျော်ဖြတ်ပြီး အမေရိကန်တွင် အိမ်ခြံမြေများအား အများဆုံးဝယ်ယူသူ ဖြစ်လာခဲ့ပြီး တရုတ်၏နိုင်ငံတကာ အသုံးစရိတ် အားလုံး၏ ၄ပုံ၁ပုံကျော်အထိ ရှိလာခဲ့သည်။  

အမေရိကန်ပြည်ထောင်စု အမျိုးသား အိမ်ခြံမြေအကျိုးဆောင်အသင်းကြီး၏ သုတေသနအရ တရုတ်ဝယ်လက်များက အမေရိကန် အိမ်ခြံမြေဈေးကွက်တွင် ကန်ဒေါ်လာ ၂၈.၆ဘီလျံ သုံးစွဲခဲ့သောကြောင့် ၁၂လတာအတွင်း နိုင်ငံခြားသားများနှင့် အရောင်းအဝယ် အားလုံး၏ ၁၆ရာခိုင်နှုန်းအထိ ရှိသည်။  

၂၀၀၈ခုနှစ်ကတည်းက နိုင်ငံတကာ အိမ်ခြံမြေဝယ်ယူမှုတွင် ထိပ်ဆုံးက ဦးဆောင်နေခဲ့သည့် ကနေဒါလူမျိုးများ က အသုံးစရိတ် ၁၁.၂ဘီလျံဖြင့် ဒုတိယနေရာသာ ရှိနေခဲ့ပြီး၊ အိမ်ခြံမြေအရောင်းအားလုံး၏ ၁၄ရာခိုင်နှုန်းအထိ ရှိခဲ့သည်။

အိန္ဒိယက အသုံးစရိတ် ၇.၉ဘီလျံဖြင့် တတိယအကြီးမားဆုံး နိုင်ငံခြားဝယ်လက်ဖြစ်ပြီး ၎င်း၏နောက်တွင် မက္ကဆီကိုက ၄.၉ဘီလျံဖြင့် စတုတ္ထလိုက်နေသည်ဟု သုတေသနအစီရင်ခံစာက ဖော်ပြခဲ့သည်။ ယင်းစစ်တမ်းက ဟောင်ကောင်၊ ထိုင်ဝမ်နဲ့ တရုတ်ပြည်မကြီးမှ ဝယ်လက်များကို အုပ်စုတစ်စုအဖြစ် သတ်မှတ် ခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း အရောင်းအဝယ်အရေအတွက်အနေဖြင့် ကြည့်ပါက နိုင်ငံခြားဝယ်လက်များထံသို့ အမေရိကန် အိမ်ခြံမြေ ရောင်းချရမှုမှာ ၁၉ရာခိုင်နှုန်း ကျဆင်း သွားခဲ့သည်။ ဒေါ်လာငွေတန်ဖိုး မြင့်တက်လာမှုက နိုင်ငံခြားဝယ်လိုအားကို ထိခိုက်စေကြောင်း ညွှန်ပြလျက်ရှိသည်။ ဒေါ်လာငွေဖြင့် ဝယ်ယူမှုက ကန်ဒေါ်လာ ၁၀၄ဘီလျံအထိ ရှိခဲ့သဖြင့် တစ်နှစ်အလွန်က ခန့်မှန်းချက် ကန်ဒေါ်လာ ၉၂.၂ ဘီလျံမှ မြင့်တက်လာခဲြ့ခင်းဖြစ်သည်။  

ဖလော်ရီဒါ၊ ကယ်လီဖိုးနီးယား၊ တက္ကဆက်နဲ့ အရီဇိုးနားပြည်နယ်များက နိုင်ငံတကာဝယ်လက်အားလုံး၏ တစ်ဝက်ကျော်ကို ဆွဲဆောင်ထားသည်ဟု ဆိုသည်။ ကနေဒါနိုင်ငံသားများက ပူနွေးသည့် ရာသီဥတုရှိရာ ဖလော်ရီဒါနှင့် အရီဇိုးနားတို့ကို တိမ်းညွှတ်ကြပြီး၊ တရုတ်ဝယ်လက်များက အာရှနှင့် နီးစပ်သည့် ဝက်စ်ကို့ (West Coast)ကို ဦးတည်သွားကြသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags