အမေရိကန်ဒေါ်လာကို အမျိုးသမီးပုံဖြင့် ထုတ်မည်

အမေရိကန်ဒေါ်လာကို အမျိုးသမီးပုံဖြင့် ထုတ်မည်

ဝါရှင်တန်၊ ဇွန် ၁၈ ။        ။ ရာစုနှစ်တစ်နှစ်အတွင်း အမေရိကန်က အမျိုးသမီးပုံဖြင့် ငွေစက္ကူထုတ်ဝေတော့မည်ဖြစ်ရာ အမေရိကန်ဒေါ်လာ ငွေစက္ကူများပေါ်တွင် လူဖြူအမျိုးသား နိုင်ငံရေးသူရဲကောင်းများသာ ရှိနေသည့် အစဉ်အလာ ကျိုးပျက်တော့မည်ဖြစ်သည်။

သို့သော်လည်း ငွေစက္ကူပေါ်တွင် မည်သည့်အမျိုးသမီး၏ ပုံကိုတင်မည်ဆိုသည်ကို မရွေးချယ်ရသေးပေ။ ဒီမိုကရေစီကို ရပ်တည် ကာကွယ်ပေးသည့် အမျိုးသမီး တစ်ဦးပုံဖြစ်နိုင်သည်ဟု အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဋ္ဌာနက ဇွန် ၁၈တွင်ထုတ်ပြန်ခဲ့သည်။

အမျိုးသမီးပုံပါသော ဆယ်ဒေါ်လာတန်ငွေစက္ကူကို ၂၀၂၀တွင် ထုတ်ဝေမည်ဖြစ်ပြီး ပထမဆုံးဘဏ္ဍာရေးဝန်ကြီး အလက်ဇန်ဒါ ဟာမီလ်တန်၏ နေရာကို အစားထိုး မည်ဟု သိရသည်။

အမေရိကန်ငွေစက္ကူသမိုင်းတွင် အမျိုးသမီးနှစ်ဦး၏ပုံကို သုံးဖူးသည်။ပထမဆုံးအမေရိကန်သမ္မတဂျော့ဝါရှင်တန်၏ ဇနီး မာသာဝါရှင်တန်၏ပုံကို ၁၈၈၀ပြည့်လွန်နှစ် များနှင့် ၁၈၉၀ပြည့်လွန်နှစ်များက တစ်ဒေါ်လာတန် ငွေစက္ကူများတွင် အသုံးပြုခဲ့သည်။ ဂျိမ်းစ်တောင်းတွင်ကိုလိုနီအခြေစိုက်မှုနှင့် ဆက်နွယ်သော ဌာနေအမေရိကန် အမျိုးသမီး ပိုကာဟွန်တက်စ်၏ ပုံကိုလည်း ၁၈၆၀ပြည့်လွန်နှစ်များက ထုတ်ဝေခဲ့သော ငွေစက္ကူများတွင် ပါဝင်သော လူအုပ်တစ်ခုတွင် ထည့်သွင်းခဲ့သည်။

မည်သည့်အရည်အချင်းများက ဒီမိုကရေစီကို ကိုယ်စားပြုသည်ဆိုသည်နှင့် ပတ်သက်၍ လူထုသဘောထားကောက်ခံပြီးနောက်ငွေစက္ကူတွင်ဖော်ပြမည့် အမျိုးသမီး ၏ပုံကို ဘဏ္ဍာရေးဝန်ကြီးဋ္ဌာနက ရွေးချယ်မည်ဟု ဆိုသည်။ ရွေးချယ်မှုကို ယခုနှစ်နောက်ပိုင်းတွင် ပြုလုပ်မည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly