မော်စီအားသေဒဏ်ပေးမှုကို အီဂျစ်တရားရုံးအတည်ပြု

မော်စီအားသေဒဏ်ပေးမှုကို အီဂျစ်တရားရုံးအတည်ပြု

ကိုင်ရို၊ ဇွန် ၁၇ ။       ။ နိုင်ငံ၏ ၂၀၁၁ခုနှစ် အုံကြွမှုအတွင်း ထောင်ဖောက်မှုများနှင့် ရဲများကို တိုက်ခိုက်မှုများအတွက် ဖြုတ်ချခံ ရသော သမ္မတမိုဟာမက်မော်စီ ကို သေဒဏ်ချမှတ်မှုတစ်ခုကို အီဂျစ်တရားရုံးတစ်ခုက ဇွန် ၁၆တွင် အတည်ပြုခဲ့သည်။

အီဂျစ်၏ ပထမဆုံးဒီမိုကရေစီနည်းကျရွေးကောက်တင်မြောက်ခံရသော မော်စီကို ပါလက်စတိုင်းဟားနက်စ်လှုပ်ရှားမှု၊လက်ဘနွန် ၏ ရှီးယိုက်ဟစ်ဇ်ဘိုလာနှင့် အီရန်တို့အတွက် သူလျိုလုပ်မှုဖြင့် အဆိုပါတရားရုံးကပင် ထောင်ဒဏ် တစ်သက် ချမှတ် ခဲ့သည်။

ဧပြီလက သီးခြားတရားခွင်စစ်ဆေးမှုတစ်ခုတွင် ၂၀၁၂ခုနှစ်က ၎င်းသမ္မတဖြစ်စဉ် ဆန္ဒပြသူများကိုအကြမ်းဖက်တိုက်ခိုက်ရန် လှုံ့ဆော်မှုဖြင့် မော်စီကို ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခဲ့သေးသည်။

မော်စီ၏ တစ်နှစ်ကြာအုပ်ချုပ်ရေးအဆုံးသတ်ရန် လူထုဆန္ဒပြပွဲများဖြစ်ပြီးနောက် ထိုစဉ်က စစ်တပ်အကြီးအကဲနှင့် ယခုသမ္မတဖြစ်သူ အက်ဘ်ဒဲလ်ဖာတာ အယ်လ် စီစီက ၂၀၁၃ခုနှစ် ဇူလိုင်လတွင် မော်စီကိုဖြုတ်ချခဲ့သည်။ ထို့နောက်စီစီသည် မော်စီအားထောက်ခံသူများကို သိမ်းကျုံးနှိမ်နင်းမှုအား ကြီးကြပ်ခဲ့ပြီး အစ္စလာမစ် ရာပေါင်းများစွာ သတ်ဖြတ်ခံခဲ့ရသည့်အပြင် လူ ၄၀,၀၀၀ကျော်ကို ထိန်းသိမ်းခဲ့သည်ဟု လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(HRW) ကထုတ်ပြန်ခဲ့သည်။

အစုလိုက်အပြုံလိုက်တရားခွင်စစ်ဆေးမှုများကို လျင်မြန်စွာစစ်ဆေးပြီး ရာပေါင်းများစွာကို သေဒဏ်ပေးခဲ့သည်။ အာဏာပိုင်များက မော်စီ၏ မွတ်စလင်ညီနောင်များ အဖွဲ့ကို ၂၀၁၃ခုနှစ်တွင် အကြမ်းဖက်အဖွဲ့အစည်းတစ်ခုအဖြစ် သတ်မှတ်ခဲ့ပြီး မော်စီဖြုတ်ချခံရပြီး ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်မှုများနောက်ကွယ်တွင် ယင်းအဖွဲ့ ရှိနေသည်ဟု စွပ်စွဲခဲ့သည်။ စွပ်စွဲချက်ကို အစ္စလာမစ်လှုပ်ရှားမှုအဖွဲ့က ငြင်းဆိုခဲ့သည်။

မော်စီနှင့် အခြားသူ ၁၀၀ခန့်ကို ထောင်ဖောက်မှုဖြင့် မေ ၁၆က အဆိုပါတရားရုံးက အရင်ဆုံးသေဒဏ်ချမှတ်ခဲ့မှုကို ဇွန် ၁၆က တရားရုံးအမိန့်က အတည်ပြု ခဲ့ခြင်းဖြစ်သည်။ အဆိုပါသေဒဏ်ချမှတ်မှုကို အမေရိကန်၊ အီးယူနှင့် ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းတို့က စိုးရိမ်ကြောင်းပြောကြားခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly