မလေးရှားက ၎င်း၏ ရေပိုင်နက်အတွင်း တရုတ်စစ်သင်္ဘောတစ်စင်း ကျူးကျော်မှု ဆန့်ကျင်ကန့်ကွက်သွားမည်

မလေးရှားက ၎င်း၏ ရေပိုင်နက်အတွင်း တရုတ်စစ်သင်္ဘောတစ်စင်း ကျူးကျော်မှု ဆန့်ကျင်ကန့်ကွက်သွားမည်
မလေးရှား အမျိုးသားလုံခြံုရေးဝန်ကြီး ရှာဟီဒန်ကာဆင်။ ဓာတ်ပုံ-THE STAR/ASIA NEWS NETWORK

ကွာလာလမ်ပူ၊ ဇွန် ၉  ။         ။ ဘော်နီယိုကျွန်း၏ မြောက်ဘက် ၎င်း၏ရေပိုင်နက်သို့ တရုတ်ကမ်းရိုးတန်းအစောင့်တပ် သင်္ဘော ကျူးကျော်ဝင်ရောက်မှုအတွက် မလေးရှားက ဆန့်ကျင်ကန့်ကွက်သွားမည်ဖြစ်ကြောင်း ဝေါစထရိဂျာနယ်က ဖော်ပြခဲ့သည်။

ယင်းဖြစ်ရပ်က တောင်တရုတ်ပင်လယ် အငြင်းပွားမှုများကို ယခင်က ပျော့ပြောင်းစွာ ချဉ်းကပ်ခဲ့မှုမှ နောက်ထပ်ထွက်ခွာမှု တစ်ခုဖြစ်သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်က တရုတ်သမ္မတ ရှီကျင်းပင်း ထံသို့ တိုက်ရိုက် တင်ပြသွား မည်ဖြစ်ကြောင်း မလေးရှား အမျိုးသားလုံခြုံရေးဝန်ကြီး ရှာဟီဒန် ကာဆင်၏ ပြောကြားချက်ကို ကိုးကား၍ ဂျာနယ် ကဖော်ပြ ခဲ့သည်။     

တရုတ်ကမ်းရိုးတန်း အစောင့်တပ်မှ သင်္ဘောတစ်စီး မလေးရှား ဘော်နီယိုကျွန်း၏ မြောက်ဘက် ကီလိုမီတာ ၁၅၀ ခန့်အကွာ ကျွန်းများနှင့် သန္တာကျွန်းတန်းများ ဧရိယာရှိ လူကိုနီးယား သောင်စွယ်များတွင် ကျောက်ချရပ်နားနေသည်ကို ရှာဟီဒန် ကဖေ့စ် ဘွတ်တွင် တင်လိုက်ရာမှ ယခု အစီရင်ခံမှု ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

၎င်းသောင်စွယ်များမှ မလေးရှားကမ်းခြေမှ ရေမိုင် ၂၀၀ အကွာ မလေးရှား၏ သီးသန့် စီးပွားရေးဇုန်အတွင်း ရှိနေသည်ဟု မလေးရှားက ပြောဆိုနေသည်။ ယင်းသောင်စွယ်များမှာ တရုတ်ပြည်မကြီးနှင့် ကီလိုမီတာ ၂,၀၀၀ ကျော် ဝေးသည်ဟုလည်း ၎င်းက ပြောကြားသည်။ ထို့အပြင် အဆိုပါ ဧရိယာထဲ ဝင်လာသမျှ ပြည်ပသင်္ဘောမှန်သမျှ ကျူးကျော်သူများသာ ဖြစ်သည်ဟု လည်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

"ဒီဧရိယာက ပိုင်ဆိုင်မှုချင်း ထပ်နေတယ်လို့ ပြောနေတဲ့နေရာ မဟုတ်ပါဘူး။ ဒီကိစ္စမှာ သံတမန်ရေးဆိုင်ရာ အရေးယူဆောင် ရွက်မှုကို ပြုလုပ်သွားမှာပါ"ဟု ရှာဟီဒန်၏ ပြောကြားချက်ကို ကိုကား၍ ဇွန် ၈ ရက်က အစီရင်ခံမှုတွင် ဖော်ပြခဲ့သည်။

မလေးရှားသည် ယခင်က တရုတ်၏ နယ်ချဲ့ဝါဒနှင့် ပတ်သက်လျှင် ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့နှင့် မတူဘဲ ယေဘုယျအားဖြင့် သတိရှိရှိကိုင်တွယ်ကာ ပျော့ပြောင်းစွာ ချဉ်းကပ်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly