တောင်ကိုရီးယားတွင် မားစ်ကူးစက်ခံရသူများတွင် သတ္တမမြောက် လူနာသေဆုံး

တောင်ကိုရီးယားတွင် မားစ်ကူးစက်ခံရသူများတွင် သတ္တမမြောက် လူနာသေဆုံး
ဇွန် ၉ ရက်က ကာကွယ်ရေးဝန်ကြီးဌာနသို့ ဝင်လာသော ဧည့်သည်များကို ကိုယ်အပူချိန် စစ်ဆေးနေသော တောင်ကိုရီးယား စစ်သည်များ။

ဆိုးလ်၊ ဇွန် ၉ ။        ။ ဇွန် ၉ ရက်က တောင်ကိုရီးယားတွင် မားစ်ကူးစက်ခံရသူ လူနာတစ်ဦး သေဆုံးခဲ့ပြန်ရာ မေလက စတင်ခဲ့သော ရောဂါဖြစ်ပွားမှုတွင် မားစ်ကြောင့် လူခုနှစ်ဦးအထိ သေဆုံးခဲ့ပြီဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ထို့အပြင် အသစ်ကူးစက်ခံရသူ ရှစ်ဦးတွေ့ရှိခဲ့ရာ ကူးစက်ခံရသူ စုစုပေါင်း ၉၅ ဦးအထိ ရှိသွားပြီဖြစ်သည်။ တောင်ကိုရီးယား စီးပွားရေးလုပ်ငန်းရှင်တစ်ဦး အရှေ့အလယ်ပိုင်း ခရီးစဉ်မှအပြန် ရောဂါကူးစက်ခံရသည့် လွန်ခဲ့သည့်လမှစ၍ ကူးစက် ပျံ့နှံနေသော မားစ်ကူးစက်မှုကို ရပ်တန့်ပစ်ရမည် ဟု တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေးက ပြောကြားသည်။

ရောဂါခြေချုပ်ချထားသူများ ခြေချုပ်ကို ချိုးဖောက်မှုရှိ မရှိ အာဏာပိုင်များက မိုဘိုင်းဖုန်းများကို စတင်အသုံးပြုပြီးနောက် တစ်ရက်အကြာ သမ္မတက ပြောကြားခဲ့ခြင်း ဖြစ်သည်။

မားစ်ရောဂါကြောင့် လူ ၄၄၅ ဦး သေဆုံးခဲ့ပြီဖြစ်ရာ အများစုမှာ အရှေ့အလယ်ပိုင်းမှ ဖြစ်သည်။ မားစ်ဗိုင်းရပ်မှာ ဆားစ်ရောဂါ ဗိုင်းရပ်နှင့် တူညီသော မျိုးရင်းမှ ဆင်းသက်လာသည့် ကိုရိုနာ ဗိုင်းရပ်ကြောင့် ဖြစ်ပွားခြင်း ဖြစ်သည်။ ၂၀၀၂-၂၀၀၃ခုနှစ်က ဆားစ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်း လူ ၈၀၀ ခန့် သေဆုံးခဲ့သည်။

မားစ်ရောဂါဖြစ်ပွားနေသော်လည်း ခရီးသွားလာမှု ကန့်သတ်ချက်များကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO)က ထောက်ခံချက် မပေးသေးပေ။ တောင်ကိုရီးယားသည် ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်နိုင် လိမ့်မည်ဟု ယုံကြည်ကြောင်း WHO ၏ ညွှန်ကြားရေးမှူးချုပ် မာဂရက်ချန်က ပြောကြားသည်။     သို့သော်လည်း ထိတ်လန့်တုန်လှုပ်မှုမှာ ကြီးထွားလာနေပြီး ဇွန် ၅ နှင့် ဇွန် ၇ ရက်ကြားလူ ၂၅,၀၀၀ ခန့်မှာ တောင်ကိုရီးယားသို့ သွားရောက်မည့် ခရီးစဉ်ကို ဖျက်သိမ်းခဲ့ကြသည်ဟု ကိုရီးယား ခရီးသွားလုပ်ငန်းအဖွဲ့ က ပြောကြားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly