တောင်ကိုရီးယားတွင် မားစ်ကူးစက်ခံရသူများတွင် သတ္တမမြောက်လူနာသေဆုံး

တောင်ကိုရီးယားတွင် မားစ်ကူးစက်ခံရသူများတွင် သတ္တမမြောက်လူနာသေဆုံး

ဆိုးလ်၊ ဇွန်-၉ ။       ။ ဇွန် ၉ ရက်နေ့က တောင်ကိုရီးယားတွင် မားစ်ကူးစက်ခံရသူလူနာတစ်ဦးသေဆုံးခဲ့ပြန်ရာ မေလက စတင်ခဲ့သော ရောဂါဖြစ်ပွားမှုတွင် မားစ်ကြောင့် လူခုနှစ်ဦးအထိသေဆုံးခဲ့ပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဋ္ဌာနက ထုတ်ပြန် ခဲ့သည်။

ထို့အပြင် အသစ်ကူးစက်ခံရသူ ရှစ်ဦးတွေ့ရှိခဲ့ရာ ကူးစက်ခံရသူစုစုပေါင်း ၉၅ဦးအထိရှိသွားပြီဖြစ်သည်။တောင်ကိုရီးယား စီးပွားရေး လုပ်ငန်းရှင်တစ်ဦး အရှေ့အလယ်ပိုင်းခရီးစဉ်မှအပြန် ရောဂါကူးစက်ခံရသည့် လွန်ခဲ့သည့်လမှစ၍ ကူးစက် ပျံ့နှံနေသော မားစ်ကူးစက်မှုကို ရပ်တန့်ပစ်ရမည်ဟု တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေးက ပြောကြားခဲ့ သည်။

ရောဂါခြေချုပ်ချထားသူများ ခြေချုပ်ကို ချိုးဖောက်မှုရှိမရှိ အာဏာပိုင်များက မိုဘိုင်းဖုန်းများကို စတင်အသုံးပြုပြီးနောက် တစ်ရက်အကြာ သမ္မတက ပြောကြားခဲ့ခြင်းဖြစ်သည်။

မားစ်ရောဂါကြောင့် လူ၄၄၅ဦးသေဆုံးခဲ့ပြီဖြစ်ရာ အများစုမှ အရှေ့အလယ်ပိုင်းမှဖြစ်သည်။ မားစ်ဗိုင်းရပ်မှာ ဆားစ်ရောဂါဗိုင်းရပ်နှင့် တူညီသောမျိုးရင်းမှ ဆင်းသက်လာသည့် ကိုရိုနာဗိုင်းရပ်ကြောင့် ဖြစ်ပွားခြင်းဖြစ်သည်။ ၂၀၀၂-၂၀၀၃ခုနှစ်က ဆားစ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်း လူ ၈၀၀ခန့်သေဆုံးခဲ့သည်။

မားစ်ရောဂါဖြစ်ပွားနေသော်လည်း ခရီးသွားလာမှုကန့်သတ်ချက်များကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ထောက်ခံချက်မပေးသေးပေ။ တောင်ကိုရီးယားသည် ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း WHO ၏ညွှန်ကြားရေးမှူးချုပ် မာဂရက်ချန်က ပြောကြားခဲ့သည်။ သို့သောလည်း ထိတ်လန့်တုန်လှုပ်မှုမှာ ကြီးထွားလာနေပြီး ဇွန်၅နှင့် ဇွန်၇ကြားလူ ၂၅,၀၀၀ခန့်မှာ တောင်ကိုရီးယားသို့ သွားရောက်မည့်ခရီးစဉ်ကို ဖျက်သိမ်းခဲ့ကြသည်ဟု ကိုရီးယားခရီးသွားလုပ်ငန်းအဖွဲ့က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly