သီးနှံအထွက်ကောင်းရေး ယဇ်ပူဇော်မှုဟု သံသယဖြစ်ဖွယ် ဖြစ်ရပ်တွင် အိန္ဒိယအမျိုးသားတစ်ဦး ခေါင်းဖြတ်ခံရမှု ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေး

သီးနှံအထွက်ကောင်းရေး ယဇ်ပူဇော်မှုဟု သံသယဖြစ်ဖွယ် ဖြစ်ရပ်တွင် အိန္ဒိယအမျိုးသားတစ်ဦး ခေါင်းဖြတ်ခံရမှု ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေး
နုယူးဒေလီမြို့တစ်နေရာမှ ဆုတောင်းရွတ်ဖတ်နေသည့် ဆာဒူးတစ်ဦး။ ဓာတ်ပုံ-Daily Star

နယူးဒေလီ၊ ဇွန် ၂ ။       ။ အိန္ဒိယနိုင်ငံ၊ အရှေ့ပိုင်းတွင် သီးနှံအထွက်ကောင်းရေး နတ်များကို ပူဇော်ပသသောအားဖြင့် အသက် ၅၅ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးအား ယဇ်ပူဇော်သူ အုပ်စုတစ်ခုက ခေါင်းဖြတ်ခဲ့မှု ဟုတ် မဟုတ် အိန္ဒိယရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိသည်ဟု အရာရှိတစ်ဦးက ဇွန် ၂ တွင် ပြောကြား ခဲ့သည်။

ဆင်းရဲသည့် ဂျဟာခန်ပြည်နယ်ရှိ လယ်သမားအများစု နေထိုင်သော လူမျိုးစု ကျေးရွာတစ်ရွာတွင် အလုပ်လက်မဲ့တစ်ဦးဖြစ်သူ သေပါခါရိယ၏ ခေါင်းဖြတ်ခံထားရသော အလောင်းကို တနင်္ဂနွေနေ့က ၎င်း၏ အိမ်တွင်တွေ့ခဲ့ရသည်။

ယဇ်ပူဇော်သည့် အုပ်စုတစ်ခုသည် ခါရိယ၏ အိမ်အတွင်း ချိုးဖောက်ဝင်ရောက်ကာ ခေါင်းဖြတ်သွားခဲ့ပြီး ခေါင်းကို စိုက်ကွင်းတစ်ခုတွင် မြုပ်ရန် ယူသွားခဲ့သည်ဟု ခါရိယနှင့် ညီအစ်ကိုတော်သူက ရဲတပ်ဖွဲ့ကို ပြောကြားခဲ့သည်။ ယင်းသို့ ပူဇော်မှုက သီးနှံအထွက်တိုး၍ မိုးကောင်းရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဆိုသည်။ "ယဇ်ပူဇော်တဲ့သူတွေက သူ့ကိုစတေးဖို့ သတ်ဖြတ်ခဲ့ကြတယ်။ သူ့ခေါင်းက အခုထိ ပျောက်နေတုံးပဲလို့ မိသားစုက ပြောပါတယ်"ဟု ဂမ်မလာခရိုင်တွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုကို စုံစမ်းစစ်ဆေးနေသော အရာရှိ အာဂျေးကူးမား သာကူရ်က အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

ခါရိယမှာ တစ်ယောက်တည်း နေထိုင်သူဖြစ်သည့်အတွက် ဒေသအခေါ် အော်ကက်စ်ဟု ခေါ်ဆိုသည့် ယဇ်ပူဇော်သူများအတွက် လွယ်ကူသော ပစ်မှတ်ဖြစ်သွားခဲ့သည်ဆိုသည်။ သတ်ဖြတ်သူများကို မဖော်ထုတ်နိုင်သေးဟု သာကူရ်က ပြောကြားခဲ့သည်။ ပြည်တွင်းမီဒီယာများတွင် ဖော်ပြထားချက်အရ ရွာသားများမှာ အဆိုပါ ယဇ်ပူဇော်သူအုပ်စုကို အလွန်အမင်း ကြောက်ရွံ့၍ ရဲကို မတိုင်ရဲဟု ဆိုသည်။ ၎င်းအုပ်စုသည် နှစ်စဉ် မုတ်သုန်မိုးမကျမီ အဆိုပါအရပ်တွင် လှည့်လည်သွားလာ ကြသည်။

အယူသည်းသော အိန္ဒိယတွင် လူဖြင့် ယဇ်ပူဇော်မှုများကို ဝေးလံခေါင်သီ၍ ဆင်းရဲသော အရပ်ဒေသများတွင် ဖြစ်ပွားလေ့ရှိပြီး ၎င်းအရပ်ရှိ လူအချို့မှာ အောက်လမ်းပညာရှင်များကို ကြောက်လည်းကြောက် လေးလည်းလေးစားကြသည်။ အဆိုပါ အောက်လမ်းဆရာများက နတ်များကို ပသရန် ဓားစာခံများကို သတ်ဖြတ်လေ့ရှိသည်။

လွန်ခဲ့သည့် သီတင်းပတ်ကလည်း နိုင်ငံအရှေ့မြောက်ပိုင်း အာသံပြည်နယ်တွင် ဟိန္ဒူနတ်ဘုရားမ ကာလီမယ်တော်ကို ပူဇော်ပသသောအားဖြင့် ငါးနှစ်အရွယ် ယောကျ်ားလေး တစ်ဦးကို ခေါင်းဖြတ်ပူဇော်သူ တစ်ဦးကို လူအုပ်က သတ်ဖြတ်မှု ဖြစ်ခဲ့သေးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly