မနီလာ၊ ဇွန် ၂ ။ ။ ဖိလစ်ပိုင်တွင် ထိပ်တန်းကွန်မြူနစ် ပျောက်ကြားခေါင်းဆောင်ကို ဖမ်းဆီးလိုက်ရာ ဆယ်စုနှစ်များစွာကြာ ရှည်သည့် မော်ဝါဒီပုန်ကန်မှုမှာ အထိနာခဲ့သည်။
လွန်ခဲ့သည့်နှစ်ကလည်း ၎င်း၏ ရှေ့က ခေါင်းဆောင်များလည်း ထိန်းသိမ်းခံခဲ့ရသည်ဟု အရာရှိများက ဇွန် ၂ ရက်တွင် ပြောကြား သည်။
အဒဲလ်ဘာတိုဆီလ်ဗာကို ဖိလစ်ပိုင် ကွန်မြူနစ်ပါတီ(CPP)နှင့် ယင်း၏ လက်နက်ကိုင်အဖွဲ့ NPA ၏ရာထူးအမြင့်ဆုံးခေါင်းဆောင် အဖြစ် ယူဆကြသည်ဟု စစ်တပ်၏ ကြေညာချက်တစ်ခု တွင် ဖော်ပြထားသည်။ "သူဟာတစ်နိုင်ငံလုံးရှိတဲ့ သူပုန်တွေရဲ့လှုပ်ရှားမှု ကို စီစဉ်တဲ့သူပါ"ဟု စစ်တပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ဟိုဆေးလီတိုကာကီလာလာက အေအက်ဖ်ပီကိုပြော ကြားခဲ့သည်။
"ဒီဖမ်းဆီးမှုက ကြီးမားတဲ့ အကျိုးသက်ရောက်မှုရှိပါလိမ့်မယ်။ ဒါက သူတို့ရဲ့ မဟာဗျူဟာမြောက် ဦးတည်ချက်နဲ့ အစီအစဉ်တွေ ကို ဖြတ်တောက်ပစ်ပါလိမ့်မယ်"ဟု ကာကီလာလာက ပြောကြားသည်။ လွန်ခဲ့သည့်နှစ်၊ မတ်လကလည်း CPP ဥက္ကဋ္ဌ ဘင်နစ်တိုတီယမ်ဇွန်နှင့် ဇနီးဖြစ်သူ ပါတီ၏ အတွင်းရေးမှူးချုပ် ဝီလ်မာတီယမ်ဇွန်တို့ကို ဖိလစ်ပိုင်လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးနိုင်ခဲ့သည်။
လူထောင်ပေါင်းများစွာသေဆုံးခဲ့သော စစ်ဆင်ရေးကြီးတစ်ခု ပြီးဆုံးပြီးနောက် ယခုအခါ NPA တွင် တိုက်ခိုက်ရေးသမား ၄,၀၀၀ အောက်သာ ရှိတော့သည်ဟု ကာကီလာလာ ကပြောကြား ခဲ့သည်။
အဒဲလ်ဘာတိုဆီလ်ဗာကို တနင်္လာနေ့ နှောင်းပိုင်းက မနီလာ၏ တောင်ပိုင်းဆင်ခြေဖုံးတွင် ၎င်းပုန်းအောင်းရာနေရာတွင် အခြားအမျိုးသား တစ်ဦး၊ အမျိုးသမီးတစ်ဦးတို့နှင့်အတူ ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ ဆီလ်ဗာသည် အဆိုပါအိမ်တွင် နေထိုင်လျက်ရှိသည်မှာ တစ်နှစ်ရှိနေပြီဖြစ်ပြီး လုပ်ငန်းရှင်တစ်ဦး အသွင် ဟန်ဆောင်နေခဲ့သည်ဟု ဆိုသည်။