၉ ရက်တာ အတွင်း အိုင်အက်စ်တို့ လူပေါင်း ၂၁၇ဦးကို သတ်ဖြတ်ခဲ့ဟုဆို

၉ ရက်တာ အတွင်း အိုင်အက်စ်တို့ လူပေါင်း ၂၁၇ဦးကို သတ်ဖြတ်ခဲ့ဟုဆို

ဘေရွတ်၊ မေ-၂၅ ။        ။ စောင့်ကြည့်လေ့လာ သူတစ်ဦး၏ တနင်္ဂနွေနေ့က ပြောကြားချက်အရ အိုင်အက်စ်အုပ်စုက လွန်ခဲ့သည့် ၉ ရက် အတွင်း ရှေးဟောင်း ဆီးရီးယားမြို့ ပါမိုင်ရာအတွင်းနှင့် အနီးတဝိုက်တွင် အရပ်သားများအပါအဝင် အနည်းဆုံး လူပေါင်း ၂၁၇ဦးကို သုတ်သင်ကွက်မျက်ခဲ့သည်ဟု ဆိုသည်။

ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အုပ်စုတစ်စုကမူ မေလ ၁၆ ရက်နောက်ပိုင်းတွင် အိုင်အက်စ် ဂျီဟတ်တို့က ဟွမ်ပြည်နယ်၏ မတူညီသော နေရာများတွင် ကလေးသူငယ်များအပါအဝင် အရပ်သား ၆၇ဦးနှင့် အစိုးရတပ်ဖွဲ့ဝင် ၁၅၀ တို့ကို သတ်ဖြတ်ခဲ့သည့် မှတ်တမ်းများ ရရှိထားသည်ဟု ပြောကြားခဲ့သည်။

‘အိုင်အက်စ်တွေက ပါမိုင်ရာ မြို့စွန်က ဆက်ခနာမှာ မိန်းမ၁၂ယောက်နဲ့ ကလေး ၁၄ယောက်အပါအဝင် အရပ်သား ၆၇ယောက်ကို သတ်ဖြတ်ပစ်ခဲ့တယ်ဆိုတာကို
စောင့်ကြည့်ရေးအုပ်စုက အတည်ပြုခဲ့ပြီးပါပြီ’ဟု ဗြိတိန်အခြေစိုက် အဆိုပါအုပ်စုက ပြောကြားခဲ့သည်။

‘အများစုက ပါမိုင်ရာမြို့တွင်းမှာ အသတ်ခံခဲ့ရတာပါ။ တချို့ကို သေနတ်နဲ့ ပစ်သတ်တယ်။ တစ်ချို့ ဓားနဲ့၊ တစ်ချို့ကိုတော့ ခေါင်းဖြတ်သတ်တယ်’’ဟု အဆိုပါ အုပ်စု၏ ညွှန်ကြားရေးမှူး ရာမီ အက်ဗဒဲ ရာမန်က ပြောကြားခဲ့သည်။

အိုင်အက်စ်အုပ်စုက ပါမိုင်ရာတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်နေပြီး၊ မိန်းမများနှင့် ကလေးအများစုပါဝင်သည့် အရပ်သား ၄၀၀ ခန့်ကိုသတ်ဖြတ်ပစ်ခဲ့ သည်ဟု ဆီးရီးယား နိုင်ငံပိုင်မီဒီယာက ပြောကြားပြီးနောက် နာရီပိုင်းအကြာတွင် အဆိုပါ လူ့အခွင့်အရေးစောင့်ကြည့်အုပ်စုမှ အသတ်ခံရသည့် စာရင်း ထွက်ပေါ်လာခဲ့ခြင်း ပင်ဖြစ်သည်။

အိုင်အက်စ်တို့က ပါမိုင်ရာကို သိမ်းယူရာတွင် နောက်ထပ် လူ၆၀၀ကိုလည်း အကျဉ်းသားအဖြစ် ဖမ်းဆီးထားရာ ယင်းတို့အနက် အစိုးရတပ်ဖွဲ့ဝင်များ၊ အစိုးရ လိုလားသည့် စစ်သွေးကြွေများနှင့် အစိုးရနှင့် အဆက်အသွယ်ရှိသည်ဟု စွပ်စွဲခံရသည့် အရပ်သားများလည်း ပါဝင်နေသည်ဟုဆိုသည်။

ဆီးရီးယားအစိုးရကမူ သမ္မတ ဘာရှား အယ် အာဆတ်ကို ဖြုတ်ချရန် တိုက်ပွဲဝင်နေသူအားလုံးကို အကြမ်းဖက်သမားဟု တံဆိပ်ကပ်လေ့ရှိရာ ယခုကဲ့သို့
အိုင်အက်စ်နှင့် ဂျီဟတ်အုပ်စုများ ပေါ်ထွက်လာခြင်းက အစိုးရကို အတိုက်အခံ ဆန့်ကျင်နေသူများမှာ အစွန်းရောက်အကြမ်းဖက်သမားများဖြစ်သည်ဆိုသည့်
အထောက်အထားပင်ဖြစ်သည်ဟု ပြောကြားနေသည်။

၂၀၀၁ခုနှစ် မတ်လက ငြိမ်းချမ်းစွာ ဆန္ဒပြမှုဖြင့် စတင်ခဲ့သည့် ပုန်ကန်ထကြွမှုများနောက်ပိုင်းတွင် ဆီးရီးယားအစိုးရမှာ နိုင်ငံ့ဧရိယာ ၏လေးပုံသုံးပုံခန့်ကို ဆုံးရှုံး ခဲ့ရပြီဖြစ်ပြီး ပြည်တွင်းစစ်ကြောင့် လူပေါင်း ၂၂၀၀၀၀ခန့်လည်း သေဆုံးခဲ့ရပြီး ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly