နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကျူးဘားသို့ ဖယ်ရီခရီးစဉ်များ အမေရိကန်စတင်ခွင့်ပြု

နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကျူးဘားသို့ ဖယ်ရီခရီးစဉ်များ အမေရိကန်စတင်ခွင့်ပြု

အေအက်ဖ်ပီ (ဝါရှင်တန်)။ ။ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကျူးဘားသို့ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ဖယ်ရီဝန်ဆောင်မှု လုပ်ငန်းများကို အမေရိကန်က မေ ၅ တွင် ခွင့်ပြုလိုက်ပြီဖြစ်ရာ နှစ်နိုင်ငံကြား ဆက်ဆံရေးတိုးတက်ရေးအတွက် နောက်ထပ်ကြီးမားသည့် ခြေလှမ်းကြီးတစ်ခုဖြစ်သည်။

ယင်းသို့ခွင့်ပြုမှုကို သမိုင်းဝင်ဖြစ်ရပ်ကြီး တစ်ခုအဖြစ် ဖယ်ရီသင်္ဘော လုပ်ငန်းရှင်များက ကြိုဆိုခဲ့သည်။ ဆယ်စုနှစ် များစွာကြာ ပိတ်ဆို့ထားမှုကို အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဋ္ဌာနက ရုပ်သိမ်းခဲ့ပြီး ကျူးဘားကျွန်းသို့ သင်္ဘောပို့ဆောင်ရေး လုပ်ငန်းများ စတင်လုပ်ကိုင်ရန် လိုင်စင်များ ရရှိထားပြီဟု အနည်းဆုံး ဖလော်ရီဒါ ကုမ္ပဏီလေးခုက ပြောကြားခဲ့သည်။

ယင်းခွင့်ပြုချက်က ယခုအချိန်အထိ ခွင့်ပြုချက်ရထားသော စင်းလုံးငှား လေယာဉ်ဝန်ဆောင်မှုနောက် ထပ်တိုးရရှိသော ခွင့်ပြုချက်ဖြစ်ပြီး ကျူးဘားအမေရိကန် များ ၎င်းတို့၏ မိသားစုများထံသို့ သွားရောက်လည်ပတ်နိုင်ရန် ရည်ရွယ်သည်။

ဖယ်ရီသင်္ဘောများကို အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်၏ တောင်ဘက်စွန်းမှ ကီလိုမီတာ ၁၅၀ သာကွာဝေးသော လူဦးရေ ၁၁ သန်းရှိ ကွန်မြူနစ် ကျွန်းနိုင်ငံသို့ ကုန်များတင်၍ သွားခွင့်ပြုမည်ဖြစ်သည်။

" ဒီကနေ့ ဖြစ်ရပ်ကတော့ ရှေ့ကိုလှမ်းလိုက်တဲ့ ခြေလှမ်းကြီးပါပဲ" ဟု မီယာမီအခြေစိုက် သင်္ဘောပို့ဆောင်ရေးကုမ္ပဏီ United Americas Shipping Services ၏ ဥက္ကဋ္ဌ ဂျိုးဆက်ဟင်ဆန်က အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

"ဒါက သမိုင်းဝင် ဖြစ်ရပ်ကြီးပါ။ သမ္မတဘားရက်အိုဘားမားကြောင့်ပါ။ ကျွန်တော်တို့သူ့ကို သိပ်ကျေးဇူးတင်ပါတယ်။ သူ့ရဲ့ ဦးဆောင်မှုအတွက်ပါ " ဟု ခွင့်ပြုချက် လိုင်စင်ရထားသော ဖလော်ရီဒါမှ သင်္ဘောကုမ္ပဏီ Havana Ferry Partners of Fort Lauderdale က ၎င်း၏ ဖေ့စ်ဘွတ်တွင် ရေးသားခဲ့သည်။

သို့သော်လည်း ခွင့်ပြုချက်များမှာ နှစ်နိုင်ငံစလုံးမှ အာဏာပိုင်များထံမှ ရရှိရန်လိုအပ်သည့်အတွက် ပထမဆုံး ခရီးစဉ်အတွက် အချိန်အတန် ကြာစောင့်ရဦးမည်ဟု ဟင်ဆန်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly